အုပ်ကြီးအသတ်ခံရသည် ကိုအကြောင်းပြကာ ရွာသား ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

အုပ်ကြီးအသတ်ခံရသည် ကိုအကြောင်းပြကာ ရွာသား ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

ဝေယံမိုး – မဇ္ဈိမ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်အား ယမန်နေ့ နေ့လယ်ပိုင်းတွင်အသတ်ခံရပြီး ညပိုင်းတွင် ရွာသားသုံးဦးအား စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး ည ၈ နာရီဝန်းကျင်ခန့်တွင် မတ္တရာမြို့မြောက်ဘက် သုံးမိုင်ခန့်အကွာက အဆိုပါသပြေချောင်းရွာသို့ စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့၀င် ၁၇ ဦးခန့်ရောက်လာပြီး ရွာသားသုံးဦးအားဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ကအာဏာသိမ်းပြီးမှ သူကအုပ်ကြီးဖြစ်လာတာ၊ အရင်ကတော့ ကြံ့ခိုင်ရေးပါတီက၊ မနေ့က ကိန္ဒရာရွာနားက ဘောင်လမ်းမကြီးဘေးမှာ သေနတ်နဲ့အပစ်ခံရတာ၊ ခါးနားကို တစ်ချက်မှန်ပြီး သေသွားတာပဲ” ဟုရွာသားတစ်ဦးကဆိုသည်။

အသက် ၄၀ အရွယ်သေဆုံးသူအုပ်ကြီး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်သားများ မနေ့က သယ်ဆောင်သွားပြီး ဒီကနေ့မနက်ပိုင်းတွင် ရွာသို့ပြန်ပို့လာကြောင်းသိရသည်။

“ညဘက်ကြီး ရွာထဲကို စစ်သားတွေရော ရဲတွေရောဝင်လာပြီး ၊လမ်းမှာတွေ့တဲ့ကောင်လေး သုံးယောက်ကိုဖမ်းသွားတာဗျာ၊ ဒီကောင်လေးတွေက တောင်ယာလုပ်တဲ့ကောင်လေးတွေ၊ လက်လုပ်လက်စားလုပ်ကိုင်စားသောက်နေတဲ့သူတွေ၊ ဘယ်ကိုဖမ်းသွားလဲတော့မသိဘူး၊ ကျွန်တော်တို့လဲကြောက်တော့ မစုံစမ်းရဲသေးဘူး” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူတစ်ဦးကဆိုသည်။ ဖမ်းဆီးခံရသူများမှာ အသက်၃၀ ဝန်းကျင်အရွယ်များဖြစ်သည့် ကိုဖိုးထူး၊ ကိုဇင်၊ ကိုအောင်ဌေးဦး တို့ဖြစ်သည်။

အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် သပြေချောင်းကျေးရွာသို့ စစ်ကောင်စီခန့်အုပ်ကြီးမှ စစ်သားများခေါ်လာကာ ရွာအတွင်းမွှေနှောက်ခဲ့တာကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ရသည့် အခြေအနေမျိုး လွန်ခဲ့သည့်တစ်လဝန်းကျင်ခန့်ကဖြစ်ပွားခဲ့ဖူးသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*