၄၄ လမ်းဖြစ်စဉ်မှာ ကိုကောင်းမင်းသန့် ဘယ်လိုလွတ်မြောက်ခဲ့သလဲ။

၄၄ လမ်းဖြစ်စဉ်မှာ ကိုကောင်းမင်းသန့် ဘယ်လိုလွတ်မြောက်ခဲ့သလဲ။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝရက်နေ့တုန်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က ၄၄ လမ်းထဲကနေအိမ်တစ်ခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူငယ် ၂ ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦးကိုတော့ဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာထားပါတယ်။ ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေနဲ့ အိမ်ထဲမှာအတူရှိနေခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ကိုကောင်းမင်းသန့်ဟာ အဲဒီနေ့ဖြစ်စဉ်မှာ သေဆုံးသူတွေထဲမှာပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နေအိမ်ခေါင်မိုးထပ်မှာ ပုန်းအောင်းနေခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ထုတ် ဖော်ပြောကြားလာပါတယ်။

“ကျွန်တော်ခေါင်မိုးထပ်မှာ ပုန်းနေတုန်းမှာပဲ ရဲမင်းဦးက တစ်ယောက်ကျသွားပြီ။ ကျွန်တော် တိုက်ခေါင်မိုးပေါ်ရောက်တော့ နောက်ထပ်လေးယောက် ပက်လက်အနေထားကျသွားတာကိုမြင်လိုက်ရတယ်။ အဲ့ဒီလိုပက်လက်အနေထားကျတာကို တခုချင်းစီခွဲပြီး ဘယ်လိုများရစရာမရှိအောင်ရုပ်ပျက်ဆင်းပျက်လုပ်လိုက်ကြလည်းမသိဘူး။ ကျွန်တော် သူတို့လာဖမ်းတဲ့ ညနေ ၃နာရီကနေ နောက်နေ့မနက် ၃နာရီခွဲထိနေခဲ့ပြီး တခြားအိမ် တံစက်မြိတ်ခိုင်တဲ့ခေါင်မိုးပေါ်ကနေ တွယ်ဆင်းပြီး လွတ်ခဲ့တာပါ” လို့ အဲဒီနေ့ ကဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်က ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ကဝင်ရောက်ဖမ်းဆီးတဲ့ဖြစ်စဉ်မှာ တိုက်အောက်ကိုပြုတ်ကျလျက်အနေထားရှိနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ခဲ့ပြီး အမျိုးသမီးတစ်ဦးရဲ့ ဓါတ်ပုံဟာလည်းခန္ဓာကိုယ်အောက်ပိုင်းကိုမြင်ရတဲ့အနေထားတွေဖြစ်နေတဲ့ အတွက် မူလပုံစံအနေထား မဟုတ်ဘူးလို့ ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ကိုကောင်းမင်းသန့်က ပြောပါတယ်။

လက်ရှိမှာတော့ ဖြစ်စဉ်မှာ လွတ်မြောက်ခဲ့တဲ့ ကိုကောင်းမင်းသန့်ဟာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ရောက်တဲ့နေရာကနေ စစ်အာဏာရှင်တော်လှန်ရေးကို ဆက်လက်ပါဝင်နေမယ်လို့ပြောပါတယ်။ ဒီဖြစ်စဉ်မှာသေဆုံးခဲ့သူနှစ်ဦးထဲက မဝေဝေမြင့် (ခေါ်) မပန်းသီးကိုတော့ မိသားစုဝင်တွေက စစ်ကောင်စီရဲ့ အစီစဉ်နဲ့ပြုလုပ်တဲ့နာရေးကိုလိုက်ပါကြည့်ရှုခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာရရှိတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားသူ ၃ ဦးရဲ့အခြေအနေကိုတော့ ထပ်မံထုတ်ပြန်တာမရှိသေးပါဘူး။

ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ- ကိုကောင်းမင်းသန့်ဖေ့ဘွတ်ခ်

Be the first to comment

Leave a Reply

Your email address will not be published.


*