“၉၉၆” အလုပ်ချိန်ဓလေ့၏ ရလဒ်ကြောင့် မီဒီယာဝန်ထမ်းတစ်ဦး သေဆုံးပြီးနောက် နိုင်ငံတွင်လုပ်ခမပေးဘဲ အချိန်ပိုဆင်းခိုင်းမှုများ အပေါ် အရေးယူမည်ဟု တရုတ် ကတိပြ

 

“၉၉၆” အလုပ်ချိန်ဓလေ့၏ ရလဒ်ကြောင့် မီဒီယာဝန်ထမ်းတစ်ဦး သေဆုံးပြီးနောက် နိုင်ငံတွင် လုပ်ခမပေးဘဲ အချိန်ပိုဆင်းခိုင်းမှုများအပေါ် အရေးယူမည်ဟု တရုတ် ကတိပြ

 

 

တရုတ်နိုင်ငံ၌ မီဒီယာဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီ နားနေခန်းတစ်ခု၌ ရုတ်တရက် မူးလဲပြီး ယင်းနောက် နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း တရုတ်အစိုးရ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။

 

အဆိုပါ ဝန်ထမ်း၏ အမည်မဖော်ပြသည့် အလုပ်ရှင်အနေဖြင့် ဝန်ထမ်း၏ မိသားစုထံ ယွမ်ငွေ ၄၀၀,၀၀၀ ( ဒေါ်လာ ၆၁,၇၀၀ ခန့်) နစ်နာကြေးပေးဆောင်ရမည်ဟု ညွှန်ကြားထားသည်ဟု တရုတ်အစိုးရဝန်ကြီးဌာနများက သြဂုတ် ၂၆ ရက်တွင် ထုတ်ဝေဖော်ပြသည့် အစီရင်ခံစာ စာရွက်စာတမ်းအရ သိရသည်။

 

ယင်းသည် အစီရင်ခံစာတွင် ဖော်ပြထားသည့် တရားရုံး အငြင်းအခုံဖြစ်မှု ဥပမာ ၁၀ ခုအနက် တစ်ခု ဖြစ်သည်။ ထို့ပြင် ယင်းသည် နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီ အများအပြားတွင် ပျံ့နှံ့နေသော “၉၉၆” ဆိုသည့် အလုပ်လုပ်ကိုင်ရမှုဓလေ့ (တစ်နေ့အလုပ်ချိန် မနက် ၉ နာရီမှ ည ၉ နာရီအထိ၊ တစ်ပတ် ၆ ရက်) ၏ သက်ရောက်မှုအဖြစ် အစီရင်ခံစာထဲတွင် အသားပေးဖော်ပြထားကြောင်း Bloomberg က ဖော်ပြသည်။

 

တရုတ် နိုင်ငံတော်တရားရုံးချုပ်၊ လူသားအရင်းအမြစ်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့က ထုတ်ပြန်ဖော်ပြခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် အိုဗာတိုင် ဆိုသည်က မည်သည် ဖြစ်သည် ဆိုသည်ကို အဓိပ္ပါယ် ဖွင့်ဆိုထားသလို အလုပ်ရှင်ဘက်က စည်းမျဥ်းများ လိုက်နာရန် ပျက်ကွက်ချိန်တွင် ဖြစ်ပေါ်သည့် အခြေအနေနှင့်ပတ်သက်၍ ဥပမာများကို ဖော်ပြထားသည်။

 

၉၉၆ လုပ်ငန်းခွင်ဓလေ့ကို Alibaba ၏ Jack Ma အပါအဝင် တရုတ်နိုင်ငံ၏ လွှမ်းမိုးနိုင်စွမ်း အားကောင်းသည့် နည်းပညာလုပ်ငန်း တည်ထောင်သူများက အားပေးကြော်ငြာခဲ့သော်လည်း ယင်းသည် အခြားသော လုပ်ငန်းကဏ္ဍများထဲသို့လည်း စိမ့်ဝင် ရောက်ရှိထားခဲ့သည်။ Jack Ma ဆိုလျင် အဆိုပါ ၉၉၆ ဓလေ့က ငယ်ရွယ်သောအလုပ်သမားများအတွက် “ကောင်းကျိုး” တစ်ခုဖြစ်သည် ဆို၍ပင် တစ်ခါက ဖော်ညွှန်းထားခဲ့သည်။

 

သို့သော် မကြာသေးခင်ကာလများအတွင် အလုပ်သမားများနှင့် ကျယ်ပြန့်သော ကုန်ထုတ်စွမ်းအားအပေါ် အဆိုပါ ၉၉၆ ဓလေ့၏ သက်ရောက်မှု ရှိမှုတို့အတွက် တရုတ်လူထုနှင့် ကုမ္ပဏီတစ်ချို့တို့ထံမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

 

ဥပဒေအရ တရုတ်လုပ်သားဝန်ထမ်းများကို တစ်နေ့ အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပြီး ခိုင်းပါက အချိန်ပိုကြေး ပေးရမည် ဖြစ်သည်။ သို့သော် လုပ်ငန်းကုမ္ပဏီတစ်ချို့သည် ဟာကွက် လွယ်ပေါက်များကို အသုံးချပြီး ဝန်ထမ်းများကို အချိန်ပိုကြေး မပေးဘဲ ရှောင်ရှားထားခဲ့ကြသည်ဟု စာရွက်စာတမ်းတွင် ဖော်ပြထားကြောင်း Bloomberg က ဖော်ပြသည်။

 

ကုမ္ပဏီတစ်ခုတွင်ဆိုလျင် အလုပ်သမားများအနေဖြင့် ည ၉ နာရီ နောက်ပိုင်း အချိန်နာရီများအတွက်သာ အချိန်ပိုကြေး ရရှိမည် ဆိုပြီး သတ်မှတ်ထားသလို အခြားကုမ္ပဏီတစ်ခုတွင်လည်း အချိန်ပိုကြေးအတွက် မည်သည့် တောင်းဆိုချက်မဆို မန်နေဂျာဖြစ်သူ၏ လက်မှတ်ပါရန် လိုသည်ဟု သတ်မှတ်ထားကြောင်း စာရွက်စာတမ်းအရ သိရသည်။

 

အဆိုပါ စာရွက်စာတမ်းသည် နိုင်ငံတွင် အချိန်ပိုဆင်းမှုနှင့်ပတ်သက်ပြီး ပိုမို ရှင်းလင်းသော လမ်းညွှန်ချက်များကို သတ်မှတ်ထုတ်ဖော်ရန်နှင့် ဥပဒေအရ အချိန်ပိုကြေး မဖြစ်မနေပေးရန် လိုသော လုပ်သားများကို မပေးဘဲ ထားသည့် လုပ်ငန်းကုမ္ပဏီများကို အာဏာသုံးနှိမ်နင်းရန် ရည်ရွယ်သည့် အာဏာပိုင်များ၏ ပိုမို ကျယ်ပြန့်သော အားထုတ်မှု၏ တစိတ်တဒေသဖြစ်သည်။ ပို၍ ခြုံငုံ၍ ဆိုရလျင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများအပေါ် ကန့်သတ်မှုများ တိုးမြှင့်ချထားခြင်းအားဖြင့် အစိုးရနှင့် တရုတ် ကော်ပိုရေးရှင်းကြီးများအကြား ဆက်နွယ်ဆက်စပ်မှုကို ဦးတည်ရာ ပြောင်းရန် ကြိုးပမ်းနေသည်။

 

အလုပ်သမားများသည်လည်း အပြောင်းအလဲအတွက် တောင်းဆိုထားခဲ့ကြသည်။

 

မပြီးနိုင် မဆုံးနိုင် အလုပ်ချိန်နာရီများကြောင့် ပင်ပန်းနွမ်းလျနေမှုများ ရှိနေခြင်းနှင့်အတူ Gen Z များနှင့် millennials အများအပြားသည် ဆိုရှယ်မီဒီယာကနေတဆင့် “lying flat” ဟု ခေါ်သည့် လူမှုလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေခဲ့ကြသည်။

 

အဆိုပါ လှုပ်ရှားမှုသည် လူများကို ငွေ သို့မဟုတ် ရှည်လျားသည့် အလုပ်ချိန်နာရီများနောက် မလိုက်ဘဲ လက်ရှိ ရထားသည့် ဘဝတွင် စိတ်အပန်းဖြေ၊ ပျော်ရွှင်အောင် နေထိုင်ရေးအတွက် အချိန်ပိုယူရန် တိုက်တွန်းထားသည်။

 

 

သတင်း နိုင်ငံရေး By Yahoo/ Business Insider 29 August 2021

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*