Google နှင့် Facebook တို့ တရုတ်နိုင်ငံကို ရှောင်ကွင်းမည့် ပင်လယ်ရေအောက် အင်တာနက်ကေဘယ်လ် စီမံကိန်းကို ထုတ်ဖော်

Google နှင့် Facebook တို့ တရုတ်နိုင်ငံကို ရှောင်ကွင်းမည့် ပင်လယ်ရေအောက် အင်တာနက်ကေဘယ်လ် စီမံကိန်းကို ထုတ်ဖော်

Google နှင့် Facebook တို့သည် စင်္ကာပူ၊ ဂျပန်၊ ဂူအမ်၊ ဖိလစ်ပိုင် ၊ ထိုင်ဝမ်နှင့် အင်ဒိုနီးရှားတို့ကို ပင်လယ်ရေအောက် အင်တာနက် ကေဘယ်လ်ကြိုးသစ်တစ်ခု ချိတ်ဆက်သွယ်မည့် အစီအစဥ်များကို သြဂုတ် ၁၆ ရက်က ထုတ်ဖော်ခဲ့သည်။

အဆိုပါ အမေရိကန်နည်းပညာကုမ္ပဏီကြီးနှစ်ခုသည် ယခုနှစ်အစောပိုင်းက ကယ်လီဖိုးနီးယားနှင့် ဟောင်ကောင်ကို ဆက်သွယ်မည့် ပင်လယ်ရေအောက် ကေဘယ်လ်တစ်ခု တည်ဆောက်ရန် စီစဥ်အားထုတ်မှုများကို ရပ်ဆိုင်းထားခဲ့ပြီး အကြောင်းမှာ အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ ရှိနေခဲ့၍ ဖြစ်သည်။

Apricot ဟု အမည်ပေးထားသည့် အသစ် ထုတ်ပြန်ကြေညာခဲ့သော ကေဘယ်လ် ပရောဂျက်သည် အရှည်အားဖြင့် ကီလိုမီတာ ၁၂,၀၀၀ (၇,၅၀၀ မိုင်နီးပါး) ခန့် ရှိမည်ဖြစ်ပြီး စည်းမျဥ်းပိုင်းဆိုင်ရာ အတည်ပြုချက်များအပေါ် မူတည်ပြီး ၂၀၂၄ ခုနှစ်တွင် အသုံးပြုနိုင်မည်ဟု ကုမ္ပဏီများက သီးခြားစီ ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန် ကုမ္ပဏီများနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပါတနာများက ကြေညာခဲ့သည့် ပရောဂျက်က အများအပြား လိုအပ်နေသည့် အင်တာနက်ဆိုင်ရာ လုပ်နိုင်စွမ်းနှင့် ပိုလျှံမှု တို့ကို ထောက်ပံ့ပေးမည့်အပြင် အာရှ-ပစိဖိတ်ဒေသရှိ ဆက်သွယ်ချိတ်ဆက်မှုများကို တိုးချဲ့နိုင်ရန် ယုံကြည်စိတ်ချရမှုတို့ကို ပေးအပ်လိမ့်မည်ဟု Facebook ၏ စက်မှုဆိုင်ရာ မန်နေဂျာ နီကိုး ရိုးရစ်ချ်က ပြောသည်။

“ဒီ Apricot ကေဘယ်လ်ကတော့ လစဥ်လတိုင်း ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနေတဲ့ ကမ္ဘာတ၀န်းက လူပေါင်း ၃ ဒသမ ၅ ဘီလီယံကျော်ကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် အခြေခံအဆောက်အအုံကို တိုးချဲ့ဖို့အတွက် လုပ်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ဆဲ အားထုတ်မှုရဲ့ တစိတ်တစ်ပိုင်း ဖြစ်ပါတယ်” ဟု ရိုးရစ်ချ်က ပြောခဲ့သည်။

ယခုနှစ်အစောပိုင်းက အဆိုပါ ကုမ္ပဏီများသည် အမေရိကန်၊ စင်္ကာပူ၊ ဂူအမ်နှင့် အင်ဒိုနီးရှားတို့ကို ချိတ်ဆက်မည့် Echo ဟု အမည်ပေးထားသော အခြား ကေဘယ်လ် ပရောဂျက်တစ်ခုကိုလည်း ကြေညာထားခဲ့သေးသည်။

“ဒီ Echo နဲ့ Apricot ကေဘယ်လ်တွေကတော့ အာရှတောင်ပိုင်းကို ဖြတ်တဲ့ ထူးခြားတဲ့ လမ်းကြောင်းတွေအပါအဝင် အာရှဒေသ အတွင်းရော၊ အပြင်မှာပါ ရှိတဲ့ လမ်းကြောင်းအများအပြားနဲ့အတူ အကျိုးတရားတွေ ကမ်းလှမ်းပေးမယ့် ပြည့်စုံတဲ့ ပင်လယ်ရေအောက် စနစ်တွေ ဖြစ်ပါတယ်၊ ဒါဟာ Google

Cloud နဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေအတွက် သိသာထင်ရှားပြီး ပိုမိုမြင့်မားတဲ့ ဒဏ်ခံနိုင်မှု ဒီဂရီတွေကို အသေအချာ ရရှိစေပါလိမ့်မယ်” ဟု Google Cloud ၏ ဒုဥက္ကဋ္ဌ ဘီကက်ရှ် ကိုးလေးက ပြောသွားခဲ့သည်။

“ဒီ ကေဘယ်လ်တွေဟာ အာရှဒေသရှိ စီးပွား‌ရေးလုပ်ငန်းတွေနဲ့ ပေါ်ထွန်းစလုပ်ငန်းတွေကို ဒေတာတွေ တစ်နေရာကနေ တစ်နေရာကို ရောက်ရှိဖို့ ကြာမြင့်ချိန် ပိုမိုနည်းပါးမှု နဲ့ ပိုမိုမြင့်မားတဲ့ အင်တာနက်မြန်နှုန်းတို့နဲ့အတူ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်၊ အရှေ့တောင်အာရှ၊ မြောက်အာရှ နဲ့ အမေရိကန်တို့အကြား ဆက်သွယ်ချိတ်ဆက်မှုပိုင်းမှာ ဒဏ်ခံနိုင်မှုကိုလည်း ပိုမိုမြင့်တက်စေမှာဖြစ်ပါတယ်” ဟု ကိုးလေးက ပြောခဲ့သည်။

Google နှင့် Facebook တို့ အဆိုပြုထားသည့် စီစဥ်ထားသော ကေဘယ်လ် ပရောဂျက်တွင် ဟောင်ကောင်ကို ရှောင်ကွင်းသွားရန်အတွက် အမေရိကန် တရားရေးဝန်ကြီးဌာနက ယမန်နှစ်က အကြံပေးခဲ့ကြောင်း သိရသည်။

Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*