KNLAမှ သိမ်းလိုက်သော စခန်းများကို ပြန်သိမ်းရန် BGFအား စစ်ကောင်စီ ညွှန်ကြားနေ

KNLA မှ သိမ်းလိုက်သော စခန်းများကို ပြန်သိမ်းရန် BGF အား စစ်ကောင်စီ ညွှန်ကြားနေ

 

ရန်ကုန်၊ သြဂုတ် ၂၇

 

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်အတွင်းရှိ ကြိတ်ရွာ (ကျိုက်ရွာ) စခန်းအား KNLA တပ်မဟာ ၆ မှ သြဂုတ်လ ၂၆ ရက်တွင် သိမ်းယူပြီးနောက် အဆိုပါစခန်းအား ပြန်လည်သိမ်းယူရန် ကရင်နယ်ခြားစောင့်တပ် BGF အား စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စု၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကိုကိုမောင်က ကျိုက်ဒုံမြို့အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (၁၀၂၃) တပ်ရင်းခေါင်းဆောင် ဗိုလ်မှူးကြီးစောဒေါဒေါ ကို စစ်ရေးအသင့်ပြင်ဆင်ထားခိုင်းပြီး ကြိတ်စခန်းကနေ ဆုတ်ခွာမသွားဖို့ ပြန်တိုက်ဖို့ ပြောဆိုထားသည်ဟု BGF နှင့် နီးစပ်သူတစ်ဦးမှ ပြောကြားကြောင်း ဒေသသတင်းရင်းမြစ် Klo FM တွင် ဖော်ပြသည်။

 

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ စစ်ရေးလှုပ်ရှားရာ ကြာအင်းဆိပ်ကြီး (နို့တကောမြို့နယ်) အတွင်းရှိ အခြေစိုက်စခန်း ၅ ခုခန့်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များ စွန့်ခွာသွားပြီး BGF တပ်ဖွဲ့ဝင်များကို အစောင့်သဖွယ် ထားရှိထားသည်။

 

အဆိုပါစခန်းများထဲမှ ၂ ခုကို ကရင်လွတ်မြောက်ရေးတပ်မတော်မှ ဝင်ရောက်သိမ်းယူစဉ် ကရင်နယ်ခြားစောင့်တပ်ဖွဲ့များမှ မခုခံပဲ အသာတကြည် ဆုတ်ခွာပေးခဲ့သည်ကိုတွေ့ရပြီး စခန်းများအား ပြန်လည်သိမ်းယူရန် BGF တပ်ဖွဲ့များကို စစ်ကောင်စီမှ ညွှန်ကြားနေခြင်းဖြစ်သည်။

 

“ကျနော်တို့ ကရင်လက်နက်ကိုင် ၄ ဖွဲ့ စည်းလုံးညီညွတ်ရေး တည်ဆောက်ထားတဲ့ ၄ နှစ် ၅ နှစ်တာ ကာလမှာ ပြောရမယ်ဆိုရင်တော့ အောင်မြင်တယ်လို့ပဲ ပြောရမှာဖြစ်တယ်။ အချင်းချင်း တိုက်ပွဲပြန်ဖြစ်ဖို့ ပစ်ဖို့ခတ်ဖို့က မဖြစ်နိုင်တော့တဲ့ အခြေအနေထိ ရှိလာခဲ့တယ်။ သို့သော် စစ်ကောင်စီက အကျပ်ကိုင်မှုတွေ အမျိုးအမျိုးနဲ့ပေါ့နော်၊ တနည်းအားဖြင့် BGF အဖွဲ့ဝင်တွေက လစာ စားခဲ့တယ်၊ စစ်တပ်ရဲ့ သဘောအရ အထက်အမိန့်ကို နာခံရတယ်၊ အဲဒီလို အနေအထားမှာ ကျနော်တို့ နယ်မြေထဲကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လိုက်ပါရတယ်လို့ပဲ ပြောချင်တယ်။

 

ဒုတိယတချက်ကတော့ ကျနော်တို့ လမ်းဖွင့်ပေးထား ပါတယ်၊ BGF တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီ အမိန့်ကို မနာခံဖို့၊ ရှင်းရှင်းပြောရရင် တစုံတရာ ထွက်ပေါက်လမ်းတွေ ရှာဖို့ လမ်းကြောင်းတွေ အခွင့်အလမ်းတွေ ကျနော်တို့ KNU ဘက်က ဖွင့်ထားပေးပါတာရှိတယ်” ဟု KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းမှ ရန်ကုန်ခေတ်သစ်သို့ သြဂုတ်လ ၂၅ ရက်တွင် ပြောဆိုထားသည်။

 

လက်ရှိအချိန်တွင် ကျိုက်ဒုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်အင်အားဖြည့်တင်းထားပြီး KNLA မှ သိမ်းယူထားသော စခန်းများအား ပြန်လည်တိုက်ယူဖွယ်ရှိကြောင်း KNU နှင့်နီးစပ်သော သတင်းရင်းမြစ်မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*