KNU တပ်မဟာ ၄ ထိန်းချုပ်ဧရိယာတစ်ခုဖြစ်သည့် ကျေးဇူးတော်ရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်များ နေရာယူထား

KNU တပ်မဟာ ၄ ထိန်းချုပ်ဧရိယာတစ်ခုဖြစ်သည့် ကျေးဇူးတော်ရွာအနီးတစ်ဝိုက် စစ်ကောင်စီတပ်များ နေရာယူထား

 

ရန်ကုန်၊ သြဂုတ် ၂၄

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးဇူးတော်ရွာ အဝင်လမ်းအနီး ကားလမ်းမပေါ်တွင် စစ်အင်အား ဆယ်ချီ လာရောက်နေရာယူထားကြောင်းဒေသခံအချို့ထံမှ သိရသည်။

 

ကျေးဇူးတော်ရွာသည် KNU ထိန်းချုပ်ဧရိယာတစ်ခုဖြစ်ပြီး ထားဝယ်မြို့မှ ၃၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။

 

စစ်ကောင်စီတပ်များသည် ကျေးဇူးတော်ရွာလမ်းထိပ်၊ ရှင်ထဘီရွာလမ်းထိပ်၊ နှမ်းကြဲရွာလမ်းထိပ်နှင့် မိုင် ၃၀ ရွာတို့တွင် စစ်သားအင်အား ခန့်မှန်းခြေ ၆၀ ခန့်အထိ လာရောက်ချထားက နေရာယူထားကြောင်း ယင်းကျေးရွာတို့မှ ဒေသခံတချို့က ဆိုသည်။

 

“ညကတည်းက လာချထားတာ။ မနက်ပိုင်း ထပ်ပြီး လာတိုးချထားတာလည်းရှိတယ်။ အင်အားလာပြတာလား။ ဘာတွေ သတင်းရလို့ လာတာလဲ မသိဘူး” ဟု အထက်ဖော်ပြပါ ကျေးရွာ တစ်ခုမှ ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များ လာရောက်တပ်စွဲနေရာယူထားသည့် ပုံစံမှာ ကျေးဇူးတော်ကျေးရွာအား အပြင်မှ ဝိုင်းထားသည့် အနေအထားမျိုးဖြစ်နေကြောင်း ဒေသခံတချို့က ဆိုသည်။

 

ကျေးဇူးတော်ရွာအနီးကျေးရွာတစ်ခုက အမျိုးသားတစ်ဦးကမူ ကျေးရွာတစ်ဝိုက်အင်အား နှစ်ဆယ်ကျော်ခန့်ရှိသည်ဟု ခန့်မှန်းသည်။

 

“မနက် ၅ နာရီခွဲလောက်မှာ ၃ ယောက်ရွာထိပ်မှာ လာချခဲ့တယ်။ ရှစ်နာရီခွဲလောက်မှာ စစ်ကားတစ်စီးစာ အင်အားအပြည့်နဲ့ရောက်လာတယ်။ အခုတော့ ကားက ရေဖြူဘက်ဆင်းသွားတာတွေ့လိုက်တယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

 

ကျေးဇူးတော်ရွာအနီးတစ်ဝိုက်တွင် ညဘက် ကင်းထောက်ဒရုန်းများ ပျံသန်းလျက်ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

 

(Dakkhina Insightသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ် သည်)

Be the first to comment

Leave a Reply

Your email address will not be published.


*