KNU သိမ်းထားသည့် တပ်စခန်းအချို့ပြန်ပေးရန် စစ်ကောင်စီတောင်း

KNU သိမ်းထားသည့် တပ်စခန်းအချို့ပြန်ပေးရန် စစ်ကောင်စီတောင်း

 

ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းထားသည့် တပ်စခန်းအချို့ကို ပြန်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုမှုရှိနေကြောင်း သိရသည်။

 

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ က သိမ်းထားသည့် စခန်း ၂ ခုကို ပြန်တောင်းနေခြင်း ဖြစ်ကြောင်း KNU မှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

 

ယင်းစခန်းများမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ခုတ်ခွားတောင်ရှိ ကာလိခီး စခန်းနှင့် ကော့ကရိတ်မြို့နယ်ရှိ ကြိတ်စခန်းတို့ဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဖက်ထားရှိထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှ တဆင့် ဆက်သွယ်ကာ ပြန်တောင်းနေခြင်းဖြစ်သည်။

 

ကာလိခီးစခန်းကို တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၇ က ဩဂုတ်လ ၂၆ ရက်တွင် အင်အားပြ ခြိမ်းခြောက်ပြီး သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ကြိတ်စခန်းသည်လည်း စစ်ကောင်စီဘက်က ဩဂုတ် ၂၁ ရက်တွင် စွန့်ခွာသွားသည့် စခန်းဖြစ်ပြီး ယင်းစခန်းကို KNLA တပ်ရင်း ၁၈ က သိမ်းယူထားသည်။

 

စစ်ကောင်စီဘက်က တောင်းထားသည့် စခန်း ၂ ခုအနက် ကာလိခီးစခန်းကိုမူ KNU ဘက်က စစ်ကောင်စီအား မကြာသေးမီက ပြန်လည်တပ်စွဲခွင့်ပြုလိုက်ပြီဖြစ်ပြီး တပ်ရင်း ၁၈ သိမ်းထားသည့် ကြိတ်စခန်း ကိစ္စနှင့် ပတ်သက်၍မူ ၂ ဖက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း KNU မှ အဆင့်မြင့် အရာရှိတဦးက ဆိုသည်။

 

“KNU တပ်ရင်း ၁၇ က သိမ်းထားတဲ့ စခန်းကတော့ ပြန်နေခွင့်ပေးလိုက်ပြီ။ ကျနော်တို့ဘက်က ပြန်ဖွင့်ပေးလိုက်ပြီ။ အခုက တပ်ရင်း ၁၈ က သိမ်းထားတဲ့ စခန်းကိုလည်း သူတို့က ပြန်လိုချင်တယ်ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

 

ကာလိခီးစခန်းနှင့် ကြိတ်စခန်းတို့သည် KNU ဘက်က တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်မထိုးရသေးမီ ၂၀၁၅ ခုနှစ် အောက်တိုဘာလမတိုင်မီ ကတည်းက စစ်တပ်ဘက်က တပ်စွဲထားသော စခန်းများလည်း ဖြစ်သည်။

 

KNU မှ အဆင့်မြင့် အရာရှိတဦးက ကာလိခီးစခန်းသည် စစ်တပ်ဘက်က ယခင်ကတည်းက တပ်စွဲထားသော စခန်းများ ဖြစ်နေပြီး လူအများနေထိုင်ရာ ကျေးရွာများအနီး၌ မရှိသဖြင့် ပြန်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

 

“ကာလိခီးစခန်းက အရင်ကတည်းက ရှိတဲ့နေရာတွေပေါ့။ ရပ်ရွာထဲမှာလည်း မဟုတ်တော့ နေချင်လည်း လာနေဆိုပြီး ပေးလိုက်တာပေါ့။ ကြိတ်စခန်းကတော့ ရွာထဲမှာလည်း ဖြစ်တယ်။ ရွာသူရွာသားတွေဘက်ကလည်း တပ်ဘက်က လာနေမှာကို မကြိုက်ကြဘူး။ အခုကပြန်ပေး မပေးကတော့ ဆုံးဖြတ်ချက်မကျသေးဘူး။ လောလောဆယ်တော့ ၂ ဖက်ညှိနှိုင်းနေကြတုန်းပဲ” ဟု ၎င်းက ပြောသည်။

 

နှစ်ဖက် ညှိနှိုင်းနေစဉ်ကာလအတွင်း စစ်ကောင်စီနှင့် KNU တို့ တပ်များ ဆိုင်ထားဆဲ ဖြစ်ပြီး စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ် အင်အား ၁၀၀ ခန့်သည်လည်း ကြိတ်ကျေးရွာအနီးရှိ ကွင်းကလေး ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲတွင် ဝင်ရောက် တပ်စွဲလျက်ရှိကြောင်း KNU ထံမှသိရသည်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင် KNU လက်အောက်ခံ တပ်မဟာအချို့နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား စစ်ရေးတင်းမာနေပြီး မကြာခဏ တိုက်ပွဲများဖြစ်နေသည်။

 

ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းကလည်း ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မီးပုံးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးကျဆုံးခဲ့ကြောင်း ၊ KNU ဘက်က ထိခိုက်မှုမရှိကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*