NLD လက်ထက်တွင် ဗုဒ္ဓဘာသာဝင်များ စိတ်အားညှိုးငယ်ခဲ့ရသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုသော်လည်း အာဏာသိမ်းမှုကြောင့်သာ သာသနာညှိုးနွမ်းရခြင်းဖြစ်သည်ဟု သံဃာတော်တစ်ပါးက မိန့်သည်

မန္တလေးရှိ စာသင်တိုက်ကြီးများတွင် သံဃာအရေအတွက် ထက်ဝက်မကလျော့ကျ

NLD လက်ထက်တွင် ဗုဒ္ဓဘာသာဝင်များ စိတ်အားညှိုးငယ်ခဲ့ရသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုသော်လည်း အာဏာသိမ်းမှုကြောင့်သာ သာသနာညှိုးနွမ်းရခြင်းဖြစ်သည်ဟု သံဃာတော်တစ်ပါးက မိန့်သည်

Aug 17.2021

စစ်တပ်က အာဏာသိမ်းပြီး ခြောက်လကျော်အကြာတွင် မန္တလေးမြို့ရှိ အထင်ကရ ပဋိယတ္တိစာသင်တိုက်ကြီးများဖြစ်သော ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် မြတောင်တိုက်တို့တွင် သီတင်းသုံးစာဝါလိုက်နေသည့် သံဃာတော်အရေအတွက် ထက်ဝက်မက လျော့ကျသွားခဲ့သည်။

ယခင်က သံဃာ ၁၀၀၀ နီးပါး သီတင်းသုံးသည့် ဘုရားကြီးတိုက်တွင် ၄၈၀ ပါး၊ သံဃာ ၃၀၀၀ နီးပါးရှိ မစိုးရိမ်တိုက်သစ်တွင် ၄၀၀ ကျော်၊ ၈၀၀ ဝန်းကျင်ရှိ မြတောင်ကျောင်းတိုက်တွင် ၂၁၆ ပါးသာ ရှိတော့ကြောင်း သက်ဆိုင်ရာ ဆရာတော်များထံမှ သိရသည်။

“ရောဂါတွေကြောင့်လည်း ဆွမ်းခံထွက်ဖို့မဖြစ်နိုင်၊ ဆွမ်းကွမ်းခက်ခဲလာတယ်။ နိုင်ငံရေးအခြေအနေတွေကြောင့်ရောပေါ့” ဟု ဘုရားကြီးတိုက်မှ သံဃာတော်တစ်ပါးက မိန့်သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ပါဝင်မှုဖြင့် မေ ၂၈ တွင် စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့်တိုက်၍ ဖမ်း၊ နန်းတွင်းစစ်ကြောရေးသို့ပို့ကာ နှိပ်စက်ညှဉ်းပန်းခံရသည့် ဆရာတော်ဦးရာဇိန္ဒ၏ မစိုးရိမ်တိုက်သစ်တွင်လည်း ဘုရားကြီးတိုက်ကဲ့သို့ အခြေအနေကြုံနေရကြောင်း သံဃာတော်တစ်ပါးက မိန့်သည်။

“ခုဆို ခေတ်ကပျက် ဆွမ်းရှင်ဒကာဒကာမတွေကလည်း စီးပွားရေးမပြေလည်ကြတော့ဘူး။ အလှူရှင်တွေ ရှားလာတယ်။ ဘုန်းကြီးတို့ဆို ကိုယ့်ကျောင်းတိုက်နဲ့ကိုယ် ချက်ပြုတ်ပြီး ဘုဉ်းပေးကြတော့တာ” ဟု မစိုးရိမ်တိုက်သစ်မှ သံဃာတော်က မိန့်သည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်ရက်ဆက် ဆန့်ကျင်ဆန္ဒပြသည့် မန္တလေးမြို့၏ နာမည်ကျော် မြတောင်သပိတ်စစ်ကြောင်းအခြေစိုက်ရာ မြတောင်ကျောင်းတိုက်တွင် စစ်ကောင်စီက မကြာခဏ ဝင်စီးခြင်း၊ ဖမ်းဆီးခြင်း၊ လက်နက်မိသည်ဟု စွပ်စွဲခြင်းတို့ကြောင့် အခက်တွေ့နေရသည်ဟု ကျောင်းနေသံဃာတစ်ပါးက မိန့်သည်။

Myanmar Now

Be the first to comment

Leave a Reply

Your email address will not be published.


*